09/03/2010
လှိုင်သာယာ စက်မှုဇုံရှိ စက်ရုံတခုတွင် ဖေဖော်ဝါရီ ၉ ရက်နေ့က
ဆန္ဒပြနေသော အလုပ်သမားများ ဖြစ်ပါသည်။
(Photo: freeforcountry.blogspot.com)အခုတလော မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရှိတဲ့ စက်ရုံအမျိုးမျိုးက အလုပ်သမားတွေ သူတို့ရဲ့ အခွင့်အရေးတွေအတွက် ဆန္ဒပြ တောင်းဆိုနေကြရာမှာ မတ်လ ၈ ရက် ဒီကနေ့ မနက်ပိုင်း လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ လပ်ကီးဖိနပ်စက်ရုံက အလုပ်သမားတွေက အလားတူ ဆန္ဒပြကြတယ်လို့ သိရပါတယ်၊ အလုပ်သမားတွေ လမ်းပေါ်ထွက်ထိုင်ပြီး ဆန္ဒပြကြပုံအကြောင်း အလုပ်သမားတွေနဲ့ နီးစပ်သူတယောက်က RFA ကို ပြောပြရာမှာ 'ဒီနေ့မနက် ၈ နာရီလောက်က လပ်ကီးဖိနပ်စက်ရုံလောက်က အလုပ်သမားတွေပေါ့။ သူတို့က အခု ရန်ကုန်-ပုသိမ်လမ်းမကြီးမှာ ထိုင်ပြီးတော့ ဆန္ဒပြကြတယ်လေ။ အဲဒီက အာဏာပိုင်အဖွဲ့အစည်းတွေက လာပြီးတော့ ဗိုလ်ချုပ်လမ်းထဲကို ခေါ်သွားတယ်။ အဲဒီ ဗိုလ်ချုပ်လမ်းထဲကနေတဆင့် စက်ရုံထဲကို ခေါ်သွားတယ်၊ စက်ရုံထဲမှာ သူတို့ညှိပေးမယ်ပေါ့ အဲလိုပြောပြီးခေါ်သွားတယ်၊ သူတို့က အဲဒီလက်ရှိလစာတသောင်းတိုးပေးဖို့နဲ့ အလုပ်ချိန်တွေ လျှော့ဖို့ပေါ့။ သူတို့ခေါ်တဲ့ အချိန်ပိုကြေးတွေကို မှန်မှန်ကန်ကန်ပေးဖို့ အဲဒါတွေပဲ တောင်းဆိုတာပါ။'
ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်သူအလုပ်သမား ၅ဝဝ လောက်ရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး အလုပ်သမား ဆန္ဒပြတောင်းဆိုမှုတွေ ကြိုကြားကြိုကြား ပေါ်ပေါက်လာခဲ့ရာမှာ ခုနောက်ပိုင်း ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ စက်မှုဇုံ ၁၉ ခုလောက် ရှိပြီး ရန်ကုန်မှာ ၅ ခု ရှိတယ်လို့ သိရပါတယ်။ လတ်တလော အလုပ်သမား အခွင့်အရေး ဆန္ဒပြတောင်းဆိုမှုတွေ အဓိက ဖြစ်ပွားနေတာကတော့ ရန်ကုန်မြို့က စက်မှုဇုံတွေမှာပါ။
အခုတလောပေါ်ပေါက်နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို အာဏာပိုင်တွေဖက်က ဖြည့်ဆည်းပေးဖို့ ပြည်တွင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားလယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ကြေညာချက်ထဲမှာ အလုပ်သမားတွေရဲ့ဘဝ အခက်အခဲတွေနဲ့ သူတို့အခုလို ဆန္ဒပြဖို့ ဖြစ်လာရတဲ့အကြောင်းရင်းတွေကိုလည်း ဖော်ပြထားပြီး၊ တောင်းဆိုထားတဲ့အချက်တွေထဲမှာ နိုင်ငံတကာ စံချိန်စံညွန်းနဲ့အညီ အလုပ်သမားကာကွယ်ရေး ဥပဒေကို တရားဝင် ထုတ်ပြန်ပေးဖို့၊ အလုပ်သမားသမဂ္ဂတွေ တရားဝင် ဖွဲ့စည်းပေးဖို့၊ အနိမ့်ဆုံးလစာနှုန်းထားကို လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းနဲ့အညီ ကာမိအောင် တရားဝင် သတ်မှတ်ပေးဖို့ ဆိုတာတွေ ပါဝင်ပါတယ်။
တောင်းဆိုထားတာတွေကို မရခဲ့ရင် ဆန္ဒပြပွဲတွေ ထပ်တိုးလုပ်သွားဖို့ ရှိပြီး နိုင်ငံတဝန်းက တခြား အလုပ်သမားတွေ အားလုံးကိုလည်း ပူးပေါင်းပါဝင်ကြအောင် တိုက်တွန်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
RFA









